အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုတွင်ပါဝင်တဲ့ ယန္တရားတွေကဘာတွေလဲ
အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုတွင်ပါဝင်တဲ့ ယန္တရားတွေကဘာတွေလဲဆိုတာဆက်လက်ဖော်ပြချင်ပါတယ်။အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုတွင် အဓိကအားဖြင့် ယန္တရား (၄) ခုပါဝင်ပါတယ်။
HUMAN RIGHTS
4/23/20241 min read


အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုတွင် အဓိကအားဖြင့် ယန္တရား (၄) ခုပါဝင်ပါတယ်။
နစ်နာခဲ့သူများအတွက်အမှန်တရားပြန်လည်ရှာဖွေခြင်း (Truth Seeking)
သမိုင်းမှန်ကိုသိရှိဖို့၊ ကျူးလွန်သူတွေက တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့၊ နောင်အနာဂတ်မှာ အလားတူဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်စေဖို့ အတွက် အမှန်တရား ပြန်လည်ရှာဖွေပေးရေးဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ အစိုးရကဦးဆောင်တဲ့ အမှန်တရားရှာဖွေတဲ့ လုပ်ငန်းစဉ်နဲ့ အရပ်ဖက်အဖွဲ့အစည်း သို့မဟုတ် ပြည်သူတွေကိုယ်တိုင်ဆောင်ရွက်တဲ့ အမှန်တရားရှာဖွေတဲ့ လုပ်ငန်းစဉ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ အရေးကြီးတဲ့အချက်ကတော့ အဆုံးသတ်မှာ အစီရင်ခံစာ (report) ထွက်လာရပါမယ်။
တရားမျှတမှုပြန်လည်ရှာဖွေခြင်း (Justice)
တရားမျှတမှုကို ဘယ်လိုရှာမလဲဆိုရင် ကျူးလွန်သူတွေကို တရားစွဲဆို အပြစ်ပေးရေးလုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်ရပါမယ်။ ပြည်တွင်းတရားရုံးများ၊ အထူးခုံရုံးများ၊ နိုင်ငံတကာရာဇဝတ်ရုံး၊ ပြည်တွင်းပြည်ပပေါင်းစပ်တရားရုံးများ၊ ရိုးရာတရားစီရင်ရေးနည်းလမ်းများ စသည့်တရားရုံးများနဲ့ တရားစွဲဆိုအပြစ်ပေးနိုင်အောင် ဆောင်ရွက်ရပါမယ်။ ဒီလိုတရားစွဲဆိုတဲ့အခါ အမှန်တရားရှာဖွေရေး လုပ်ငန်းစဉ်က အချက်အလက်တွေက သက်သေဖြစ်လာပါလိမ့်မယ်။
ပဋိပက္ခကာလအတွင်း နစ်နာခံစားခဲ့ရသူများအား ပြန်လည်ကုစားပေးလျော်ခြင်း (Reparation)
ပြန်လည်ကုစားပေးရေး လုပ်ငန်းစဉ်ဟာ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု လုပ်ငန်းစဉ်မှာ မဖြစ်မနေ ပါဝင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ အပြစ်ရှိသူကို အပြစ်ပေးလိုက်ရုံမျှနဲ့ တရားမျှတမှုရရှိသွားတာမဟုတ်ပါဘူး။ နစ်နာသူတွေရဲ့ စိတ်နှလုံးထဲမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တကယ် တရားမျှတမှုရရှိတယ်လို့ ခံစားရဖို့လိုပါတယ်။
(က) နစ်နာခံစားရသူများ၏ ထိခိုက်ပျက်စီးခဲ့ရမှုများအတွက်ပေးလျော်ခြင်း (compensation) ၊
(ခ) ချိုးဖောက်ခံရမှု မဖြစ်ပွားမီက အခြေအနေအတိုင်းပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခြင်း (restitution) ၊
(ဂ) ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ဥပဒေရေးရာနှင့် လူမှုရေးဝန်ဆောင်မှုများထောက်ပံ့ပေးခြင်း (rehabilitation) ၊
(ဃ) နစ်နာခဲ့ရသူများအတွက် အသိအမှတ်ပြုခြင်း၊ အထိမ်းအမှတ် အမှတ်တရများပြုလုပ်ပေးခြင်း (satisfaction) ၊
(င) အများပြည်သူနှင့်ဆိုင်သည့်နေရာများကို အမည်အသစ်ပေးခြင်း၊ နစ်နာခံစားရသူများ၏ အတွေ့အကြုံဖြစ်ရပ်များကို အများပြည်သူများ အသိအမှတ်ပြု သိရှိလာစေရန် ဖော်ထုတ်ပေးခြင်း၊ ကျူးလွန်သူများကို ဝန်ချတောင်းပန်စေခြင်း၊ အောက်မေ့ဖွယ် နေ့ထူးနေ့မြတ်များ သတ်မှတ်ပေးခြင်း (symbolic reparation) အစရှိသဖြင့် နစ်နာသူများကို ပုံစံအမျိုးမျိုးနဲ့ ပြန်လည်ကုစားပေးရပါမယ်။
ပဋိပက္ခပြီးနောက်တွင် အဖွဲ့စည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း (Institutional Reform)
Institutional reform မှာတော့ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုဆက်သွယ်ရေး ယန္တရားများ၊ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးစနစ် စသည့် ယန္တရားများကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမှာ ဖြစ်ပါတယ်။
အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူအများပြည်သူများအတွက် ယခုလိုမျိုးဆောင်းပါးတိုကဏ္ဍများကို ထပ်မံတင်ဆက်ပေးသွားမှာဖြစ်တဲ့အလျှောက် လိုအပ်သည့်များကိုဝေဖန်အကြံပြုခြင်းများ၊ ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက်ကိုလည်း ခင်မင်လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်ခင်ဗျ။ အချိန်နှင့်တစ်ပြေးညီ ဝေဖန်အကြုံပြုဆွေးနွေးနိုင်ရန်အတွက်လည်း ကျွန်တော်တို့ရဲ့ CCTV Page လေးကိုလည်း Like & Follow ပြုလုပ်ထားနိုင်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။