အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု နှင့် သတိပြုရမည့်သမိုင်းအချက်အလက်များ
" အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု နှင့် သတိပြုရမည့်သမိုင်းအချက်အလက်များ" "ကမ္ဘာစစ်အပြီးခုံရုံးများ" "အမှန်တရားနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင်များ" "ဒေသဆိုင်ရာခုံရုံးများ"
HUMAN RIGHTS
CCTV
2/28/20241 min read


အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတ ဖြစ်စဉ် ပေါ်ပေါက်လာသည့် သမိုင်းကြောင်း အဆင့်ဆင့်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ဆိုတာကတော့ လူအများ သိရှိထားပြီး ဖြစ်သည့် အတိုင်း စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်ရေးချိုးဖောက်မှုများကို ရှုထောင့် ပေါင်းစုံမှ တုံ့ပြန်သည့် လုပ်ငန်းစဉ်များဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသည် နိုင်ငံရေးအပြောင်းအလဲ များနှင့် လွန်စွာပင်နီးစပ်မှုရှိသည်။ အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းချိန် (သို့မဟုတ်) ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ ကူးပြောင်းစဉ်အချိန် တနည်းအားဖြင့် နိုင်ငံသည်အခြေအနေတစ်ခုမှ တစ်ခြားအခြေအနေတစ်ခုသို့ ပြောင်းလဲသွားချိန်တွင် နိုင်ငံတွင်းပြုလုပ်သည့် ပြုပြင်ပြောင်းလဲမှုများ၊ တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်များ အင်စတီကျူးရှင်းပြုပြင်ပြောင်းလဲခြင်းများ လုပ်သည့်လုပ်ငန်းစဉ်ဖြစ်သည်။
အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု၏သမိုင်းကြောင်းကို ပြန်ကြည့်ရမည်ဆိုလျှင် ကမ္ဘာစစ်အတွင်း ကျူးလွန်ခဲ့သောရာဇဝတ်မှုများ အားခုံရုံးဖွဲ့၍စီရင်ဆုံးဖြတ်ခြင်း၊ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင်များဖွဲ့စည်းခြင်း နှင့် စစ်အေးလွန်ကာလတွင် ဒေသဆိုင်ရာခုံရုံးများဖြင့်စီရင်ဆုံးဖြတ်ခြင်းများအား အဓိကထားမီးမောင်းထိုးပြချင်ပါတယ်။


ဒုတိယကမ္ဘာစစ်အပြီးတွင် စတင်တည်ထောင်ခဲ့သည့် Nuremberg Trial (1945-1946) ကနေ အစပြုခဲ့သည် ဟု ပြောရမည်ဖြစ်သည်။ Nuremberg Trial ကတော့ နာဆီ ဂျာမနီများ မှ ဂျူးလူမျိုး ၆ သန်းကျော်ကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်ခဲ့မှုကြောင့် စတင်ဖွဲ့စည်းခဲ့သည့် ပြစ်မှုဆိုင်ခုံရုံးတစ်ရုံးဖြစ်ပါတယ်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တိုကျိုခုံရုံး (Tokyo Trial) အား (1946-1948) တွင် တည်ထောင်ခဲ့ပြီး အပြစ်ပေး အရေးယူမှုများပြုလုပ်ခဲ့တယ်။ ယင်းခုံရုံးတို့တွင် ပြစ်မှု အမျိုးအစား (၃) မျိုးဖြစ်သည့် ငြိမ်းချမ်းရေးကို ဆန့်ကျင်သောပြစ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့နှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်းဖြင့် စတင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုဟူ၍ မသိရှိကြသေးပေ။


အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အယူအဆသည် 1980 နှောင်းပိုင်း 1990 နှစ်ဦးပိုင်းတွင် အရှေ့ဥရောပ နှင့် လက်တင်အမေရိကတိုက် အတွင်း တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လာခဲ့သည်။ 1995 ခုနှစ် အသားအရောင်ခွဲခြားမှုအဆုံးသတ်ပြီး တောင်အာဖရိကသမ္မတအဖြစ် နယ်လ်ဆင်မင်ဒဲလားကို ရွေးကောက် တင်မြှောက်ပြီးနောက်တွင် အသားရောင်ခွဲခြားမှုဖြစ်ပွားချိန်က ကျူးလွန်မှုများကို ရှာဖွေဖော်ထုတ်ရန် “ တောင်အာဖရိက၏ အမှန်တရား နှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်” Truth and Reconciliation Commission in South Africa (1995-1998) ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့အစည်းသည် အမှန်တရားကိုရှာဖွေကာ ခွင့်လွှတ်ခြင်း နှင့် ပြန်လည်သင့်မြတ်ရေးတို့သည် ကွဲပြားသော လူ့အဖွဲ့အစည်းကို ကုစားရာတွင် အဓိကအချက်ဖြစ်သည် ဟူသော ယူဆချက်ကို အခြေခံ၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။


၁၉၉၃ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲမှုအတွင်း ဥပဒေမဲ့ချိုးဖောက်မှုများအား ဖြေရှင်းရန်အတွက် ယခင်ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICTY) နှင့် ရဝမ်ဒါနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ၁၉၉၄ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများအား တရားစွဲဆိုရန်အတွက် ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (International Criminal Tribunal for Rwanda (ICTR)) တို့သည်လဲ အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှုဟုဆိုလျှင် သတိပြုသင့်သည် ဒေသဆိုင်ရာခုံရုံးအဖြစ် ဥပမာပေးတင်ပြလိုပါသည်။
2002 ခုနှစ်တွင် တည်ထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး International Criminal Court (ICC) တွင် အပြင်းထန်ဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများဖြစ်သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ ကျူးလွန်သူ တစ်ဦးချင်းစီ၏ တာဝန်ယူ တာဝန်ခံမှုရှိစေပြီး အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်မရှိစေရန် တည်ထောင်ထား သောကြောင့် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရရှိစေရန် အရေးပါသော အချက်အဖြစ် တည်ရှိပေသည်။ ဤသို့ဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုတွင် အမှန်တရားရှာဖွေခြင်း၊ ပြန်လည်ကုစားခြင်း၊ တရားစွဲဆိုခြင်း နှင့် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဟူသော ဗျူဟာများ ပါဝင်သင့်ကြောင်း လက်ခံလာကြပြီး အချို့သောနိုင်ငံများတွင်အကောင်အထည်ဖော်ဆောင်ရွက်လာကြပါသည်။
Reference:
-Nuremberg Trials
-Tokyo Trial
-Truth and Reconciliation Commission, South Africa (TRC)