အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု

⚖️ Transitional Justice (TJ) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဆိုတာဘာလဲ? ⚖️ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ကအရေးကြီးလား? ဘာကြောင့်လုပ်ရတာလဲ?

HUMAN RIGHTS

CCTV

2/26/20241 min read

Transitional Justice (TJ) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဆိုတာဘာလဲ?

Transitional Justice (TJ) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဆိုတာကို တချို့အတွက် ရင်းနီးနိုင်သလို၊ တချို့အတွက်လည်း ရင်းနီးကြမှာမဟုတ်ပါဘူး။ ယခုခေါင်းစဉ်အကြောင်းအရာနှင့်ပတ်သက်ပြီး ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် မကြားခဲ့ရပေမယ့် ယခုတော်လှန်ရေးကာလမှာ အတော်လေး ကျယ်ကျယ်လောင်လောင်ကြားရလာပြီး ပြည်သူလူထုအနေနဲ့ မဖြစ်မနေ သိရှိထားဖို့ လိုအပ်လာတဲ့ အကြောင်းအရာလည်း ဖြစ်တာကြောင့်Transitional Justice (TJ) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။


ဒီမိုကရေနိုင်ငံဖြစ်တည်နိုင်ဖို့ အရွေ့တစ်ခုကို သွားနေချိန်မှာ ရှည်ကြာခိုင်မာပြီး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ပြည်သူများတောင့်တကြမှာဖြစ်ပါတယ်။ ယခုလိုမျိုး စနစ်တစ်ခုမှ တစ်ခု အကူးအပြောင်းကာလမှာ Transitional Justice “ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု” ကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လက်ခံထားရှိဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးဖို့ မရှိမဖြစ်လိုအပ်လျက်ရှိပါတယ်။

အသွင်ကူးပြောင်းမှုဆိုတာဘာလဲ?


ပထမဦးဆုံးအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့မေးခွန်းဖြစ်တဲ့ အသွင်ကူးပြောင်းခြင်းဆိုတာဘာလဲ။ အသွင်ကူးပြောင်းခြင်းဆိုတာ အခြေအနေတစ်ခုကနေ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ အသွင်ကူး ပြောင်းခြင်း ဆိုတာကတော့ စနစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ အာဏာရှင် စနစ်မှ ဒီမိုကရေစနစ်သို့ ကူးပြောင်းခြင်း၊ ဒီမိုကရေစီစနစ်မှ အာဏာရှင်စနစ်သို့ ကူးပြောင်းခြင်း တို့ဖြစ်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံစံမှာတော့


• ပြုပြင်ပြောင်းလဲခြင်း(reform)
• အပြန်အလှန်စေ့စပ်ညှိနှိုင်းခြင်း (compromise)
• ဖယ်ရှားဖြုတ်ချခံရခြင်း(overthrow) ဆိုပြီး သုံးမျိုးရှိပါတယ်။

တရားမျှတမှုဆိုတာ ဘာလဲ?


နောက်တစ်ခုကတော့ တရားမျှတမှုဆိုတာ ဘာလဲ။ တရားမျှတမှုကို (၃) မျိုးခွဲပါတယ်။ အဲ့အောက်မှာတော့
• ပြစ်မှုဆိုင်ရာ တရားမျှတမှု(criminal Justice)
• လူမှုတရားမျှတမှု(social justice)
• အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) ဆိုပြီးရှိတဲ့အထဲမှာမှ
ဒီကနေ့ ပြောပြချင်တာကတော့ Transitional Justice ဆိုတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အကြောင်းပဲဖြစ်ပါတယ်။

Transitional Justice (TJ) ဆိုတာဘာလဲ?

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာမှာ အတိတ်ကာလတုန်းက နေရာအနှံ့အပြားမှာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (TJ) ရဲ့ ယန္တရား (၄)ခုဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် ဒီကာလအတွင်းမှာ နစ်နာခံစားရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။
Transitional Justice (TJ) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုရဲ့ ယန္တ (၄) ခုကဘာတွေလဲ


- အမှန်တရားရှာဖွေခြင်း
- တရားစွဲဆိုခြင်း
- ပြန်လည်ကုစားပေးလျော်ခြင်း
- နောက်တစ်ကြိမ်ထပ်မံမဖြစ်ပွားစေခြင်း


တို့ပဲဖြစ်ပါတယ်

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ကအရေးကြီးလား? ဘာကြောင့်လုပ်ရတာလဲ?

ယနေ့ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေဖို့ TJ (Transitional Justice) ကအရေးကြီးပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရ ကို ဖြုတ်ချကာ ထပ်တလဲလဲအာဏာသိမ်းမှုများကတော့ သိသာထင်ရှားတဲ့အဆိုးကျော့သံသရာလည်ခြင်းဖြစ်ပြီး ရင်းမြစ်မှာ “Transitional Justice” ကို အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ပြောနိုင်ပါတယ်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များဟာ မည်သည့်လူသားမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလုပ်ခဲ့သော်လည်း အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေတာကြောင့် ထပ်မံကျူးလွန်ရန်လည်း ဝန်မလေးတော့ဘဲ အဖန်တလဲလဲကျူးလွန်ခြင်းကြောင့် ထိခိုက်နစ်နာခံစားနေရသည်မှာ ပြည်သူလူထုတစ်ရပ်လုံးဖြစ်ပါတယ်။ “Transitional Justice” ဆိုသည်မှာ တစ်နည်းအားဖြင့် ဆိုးရွားလှတဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျူးလွန်ခြင်းများကြောင့် နစ်နာခံစားခဲ့ရမှုများအတွက် တရားမျှတမှုရရှိစေဖို့ ပြန်လည်ဖော်ဆောင်ပေးခြင်းအားဖြင့် နောက်တစ်ကြိမ်ထပ်မံမဖြစ်ပွားဖို့ ဆောင်ရွက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ထိုပြစ်ဒဏ်မှကင်းလွတ်နေသည့်အလေ့အထကို ချိုးဖျက်နိုင်ရန်နှင့် ယခုလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ နောက်တစ်ကြိမ်ထပ်မံမဖြစ်ပွားစေရန်၊ တာဝန်ယူမှုတာဝန်ခံမှုများဖြင့် တရားမျှတမှုများပြန်လည်ရှာဖွေရေးကာ နစ်နာသူများကိုပြန်လည်ကုစားပေးရေးများ ပြုလုပ်ရန်လည်း အရေးတကြီးလိုအပ်နေကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။